ဖြေလျော့ပေးလေသော Home Stay

in hive-122133 •  13 days ago 

အားလုံးသောမိတ်ဆွေအပေါင်း မင်္ဂလာပါ…..

ကိုဗစ်ကာလက မည်သည့်အချိန်ထိဆက်လက်တည်ရှိနေမည်မသိသော်လည်း ကိုဗစ်သည်ကား ဆက်လက်တည်ရှိနေတော့မှာအမှန်ပင်... Stay Home ကာလကို ဖြေလျော့ပေးခဲ့ပြီဖြစ်ရာ လူအများကလည်း ပုံမှန်အတိုင်း ပြန်လည်လှုပ်ရှားသက်ဝင်လာခဲ့လေပြီ... လ္ဘက်ရည်ဆိုင် နဲ့ စားသောက်ဆိုင်တွေမှာ ပါဆယ်ရောင်းချရာကနေ ဆိုင်ထိုင်စားသောက်ခွင့်ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ချမှတ်ထားတဲ့စည်းကမ်း သတ်မှတ်ထားတဲ့နည်းလမ်းတွေနဲ့အညီ ပြန်လည်ဖွင့်လှစ်တော့မှာဖြစ်တဲ့အတွက် လ္ဘက်ရည်ဆိုင်များနဲ့ စားသောက်ဆိုင်များပြင်ဆင်နေကြပြီ... ကွီးစိုးတစ်ယောက်လည်း လွတ်လွတ်လပ်လပ် တရားဝင် လ္ဘက်ရည်ဆိုင်ထိုင်ပြီးလေပန်းရန် ပြင်ဆင်လျှက်ရှိပေပြီ... ကိုဗစ်ကာလ Stay Home ချိန်တုံးကတော့ ခိုးကြောင်ခိုးဝှက် လေမပန်းနိုင် လ္ဘက်ရည် မှောင်ခိုသောက်နေရတဲ့ဘဝ... သို့ပေသော်လည်း ယခုအခါ လ္ဘက်ရည်ဆိုင် နဲ့ စားသောက်ဆိုင်တွေ တရားဝင်ပြန်ဖြစ်တော့မှာမို့ ပျော်တစ်ပြုံးပြုံးနဲ့ လ္ဘက်ရည်ဆိုင်ထွက်ခဲ့ရာ လမ်းမှာ ကျောင်းနေဖက်သူငယ်ချင်း(၃)ယောက်နဲ့တွေ့လေတော့ သူငယ်ချင်းတွေနဲ့အတူ လ္ဘက်ရည်ဆိုင်ဆက်လက်ချီတက်ခဲ့တော့တာပေါ့... တရားဝင်မဖွင့်သေးသော်ငြားလည်း လ္ဘက်ရည်ဆိုင်မှာပြင်ဆင်ထားပြီးတဲ့ အခင်းအကျင်းက မဆိုး... စားပွဲအလယ်က ကွန်ဂျူ့ပိုက်ထောင် ပလတ်စတစ်ကာ စားပွဲကိုနှစ်စိတ်စိတ်(အချို့လည်းလေးစိတ်) ဟိုဖက်နှစ်ယောက် ဒီဖက်နှစ်ယောက်ထိုင်... အိုကေ... ဒါပေမယ့်လည်း ကိုဗစ်အတွက်စိတ်ချရတာ စိတ်မချရတာအပထား သူငယ်ချင်းတွေကြားကန့်လန့်ကာကြီးနဲ့စကားပြောနေရတာကိုတော့ အတော်အားမရ... ဆိုင်ဖွင့်ဖို့အတွက်စည်းကမ်းချက်တွေကိုမေးကြည့်မိတော့လည်းမျက်လုံးပြူးမိပါတယ်...ခုလာတာလေးယောက်မို့...ငါးယောက်သာဆိုမိသားစုထောက်ခံချက်ပြနိုင်ပါမှတစ်ဝိုင်းတည်းထိုင်လို့ရမတဲ့... တိန်... သွားလေရာအိမ်ထောင်စုဇယားယူသွားရမယ့်ကိန်းဗျို့...အဲ-နောက်ထပ်တွေရှိသေးပေမယ့်မရေးတော့ပါဘူး... တစ်အိပ်ရာထဲအတူအိပ်...မနက်လ္ဘက်ရည်သောက်ဗိုက်ဖြည့်ဖို့ နှစ်ယောက်ဆိုင်ကယ်အတူတူခါးဖက်လို့စီး...စားသောက်ဆိုင် လ္ဘက်ရည်ဆိုင်ရောက်ကာမှ ကန့်လန့်ကာခြား...တစ်ဖက်စီနေရတာ အထူးအဆန်းလား...အရူးအနှမ်းလားမသိတော့...ထားပါတော့...ထားပါတော့...ဒါတွေက ကွီးစိုးအတွက်တော့ပြဿနာမရှိတော့ပါဘူးလေ... ဒီလိုနဲ့ငယ်သူငယ်ချင်းတွေဆိုတော့ ရှေးဟောင်းနှောင်းဖြစ် ငယ်ကျိုးငယ်နာတွေတစ်ယောက်တစ်လှည့်ဖော် တဝါးဝါးတဟားဟားနဲ့ နာရီဝက်သာသာအချိန်ဖြုန်း ညနေဘီယာဆိုင်ထိုင်ဖို့ထပ်ချိန်း... ငယ်သူငယ်ချင်းတွေဆိုတော့ငြင်းမရတော့ ခေါင်းငြိမ့်လက်ခံခဲ့ရသပေါ့...


Tea.png


ညနေဘီယာဆိုင်သွားဖို့ အဆင်ပြေနေတဲ့သူက အိမ်ပေါက်စေ့ လိုက်ခေါ်ပြီးနောက်ဆုံးမှကျုပ်ဝင်ခေါ်ပြီး ချီတက်ခဲ့ကြသပေါ့... ဘီယာဆိုင်ကလည်း အတော်လေးပြင်ဆင်ပြီးနေပြီ... ဒါပေမယ့် လ္ဘက်ရည်ဆိုင်လို ပလတ်စတစ်ကန့်လန့်ကာက စားပွဲကို လေးစိပ်ခွဲထားလေရဲ့... ပထမတော့ အဲဒီကန့်လန့်ကာအတွက် ပြဿနာမရှိ... တစ်ယောက်တစ်ခွက်... ပြဿနာမရှိသေး... စားပွဲထိုးလေး အမြည်းလာချ... အဲ-ပြဿနာကစပြီ... ဘာပြဿနာလည်းဆိုတော့အမြည်းပန်းကန်ပြဿနာ... စားပွဲကိုလေးစိတ်ခွဲထားတာဖြစ်လေတော့ အမြည်းပန်းကန်ကို သူ့ဘက်ချ ကိုယ့်ဘက်ချလုကုန်ကြပြီ...လ္ဘက်ရည်ဆိုင်မှာတုံးကတော့ပြဿနာမရှိ...ကိုယ့်ခွက်ကိုမော့...စကားလေးလှမ်းပြောလိုက်...ဆေးလိပ်ကလေးဖွာလိုက်နဲ့...လုစားစရာ အမြည်းမှမပါပဲကိုး...ဒါကအမြည်းစားစရာပါလာတဲ့ဘီယာဆိုင်...ဒါနဲ့ စားပွဲထိုးလေးကိုပြန်ခေါ်... အမြည်းပန်းကန်ကို လေးပန်းကန်ခွဲထည့်ခိုင်းရပြန်ရော... အဲ-ခဏလောက်တော့အဆင်ပြေသွားသဗျ... နောက်တစ်ခွက်လည်းမှာသောက်ပြီးရော အဆင်မပြေပြန်ဘူး... အရှိန်လေးကလည်းရလာတော့ "ဟေ့-ငါ့ပန်းကန်ထဲမှာ အသီးအရွက်တွေပဲများနေတယ်...မင်းတို့ပန်းကန်ထဲမှာအသားတွေများနေတယ်" ဆိုပြီး စားပွဲထိုးလှမ်းခေါ်ပြီး ရစ်ကြပြန်တာပေါ့...စားပွဲထိုးလေးခမြာခေါင်းကိုတဗြင်းဗြင်းကုတ်ပြီး "ကျွန်တော်ဘယ်လိုလုပ်ပေးရမလဲဆရာတို့"လို့ရှုံ့မဲ့ပြီးမေးရှာပါတယ်...ကိုယ့်တစ်ဝိုင်းတင်လားဆိုတော့ မဟုတ်... အခြားဝိုင်းတွေမှာလည်း ထို့အတူတူ... ဟိုဝိုင်းကအော်...ဒီဝိုင်းကခေါ်နဲ့ စားပွဲထိုးလေးများ ပြာယာခတ်နေတာကိုမြင်ရလေတော့ သူငယ်ချင်းတွေကိုချော့မော့ပြီး မြန်မြန်လက်စသတ်ကာ ဘီယာဆိုင်ကနေစိတ်မောလူမောနဲ့မြန်မြန်ထွက်ခဲ့ရတာပေါ့...အော်-အားလုံးတော့ အဆင်မပြေနိုင်ဘူးပဲ...လူ့လောကကြီးမှာအကုန်အဆင်မပြေနိုင်ဘူးပဲ...


beer.png


မှတ်ချက် - စားသောက်ဆိုင်များ,လ္ဘက်ရည်ဆိုင်များပြင်ဆင်ထားရှိမှုကို လျောက်ကြည့်ပြီးသကာလ စိတ်ကူးဖြင့်ပုံဖော်ရေးသားခြင်းသာဖြစ်ပါသည်။


ကိုယ်စိတ်နှစ်ဖြာ ဘေးရန်ကွာ ချမ်းသာကြပါစေ 💖💖💖


@ansoe 23-May-2020(Saturday)


HIVE LOGO ansoe myanmar.png

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

Tea Star. မှာ ရှယ်ပြင်ဆင်ထားတယ်တဲ့

ဘယ်လိုပဲဆင်ဆင်ကာကွယ်မှုကတော့မပေးနိုင်ဘူးဆိုတာသေချာပါတယ်

ဦးစိုး တစ်ယောက် တကယ်သောက်နေတာလားလို့ဗျာ

ဝင်ငွေကမကောင်းတာ အရိုက်တောင်ခံရလိမ့်အုံးမယ်☺